ကျွန်တော်မုန်းသောအရာများ အပိုင်း-2
"မင်းကို သတိရတဲ့အခါ
သစ်ပင်စိုက်တယ်...
ချစ်တိုင်း မညားတဲ့ ပုံပြင်တွေထဲ
ငါတို့ နောက်ဆုံး ဖြစ်ပါစေ #အမရာ"
ဘယ်ကနေ ဘယ်လို ဖတ်ဖြစ်ပြီး မှတ်မိနေသော ကဗျာ
အပိုင်း အစလည်းတော့ ကျွန်တော်မသိပါ။
ကဗျာထဲမှာ သစ်ပင်စိုက်တဲ့ အကြောင်းလေးပါ၍
ကိုယ့်မှာရှိတဲ့ ဝါသနာ အကြောင်းမို့ မှတ်မိနေခြင်း
ဖြစ်ပါသည်။ပြီးတော့ #အမရာ ဆိုတဲ့ အမည် လှလှလေးကြောင့်လည်း ဖြစ်ပါလိမ့်မည်။
#အမရာ ဆိုတာ ဘုရားလောင်းတော် မဟောသဓါ၏ ဆော် နာမည်ပါ။
လူသား တစ်ယောက်သည်
ကိုယ်ချစ်သောသူကို သတိရတဲ့ အခါတိုင်း
သစ်ပင် တစ်ပင် စိုက်မည် ဆိုပါလျှင်
ဒီကမ္ဘာလောကကြီးဟာ အဘယ်မှာ မသာယာဘဲ
ရှိပါအံ့နည်း။သာယာ နေပျော်စရာကောင်းသော ကမ္ဘာကြီးသာ ဖြစ်ပါလိမ့်မည်။
ကျွန်တော်သည် ဘယ်အချိန်ကနေ ဘယ်လို သစ်ပင်စိုက်ခြင်း ဝါသနာ ဖြစ်တည်ခဲ့သည် မသိပါ။ခန့်မှန်းချေ
အားဖြင့်တော့ သိပ္ပံစာပေတွေ ဖတ်ရင်းမှ သစ်ပင်စိုက်
ခြင်း ဝါသနာ ထုံခဲ့သည် ဟု ထင်မိသည်။
ကမ္ဘာ့ အိုဇုန်လွှာ၏ ပေါက်ပြဲမှုကို သစ်ပင် စိုက်ခြင်းကသာ ကာကွယ်နိုင်သည် ဟု ဖတ် မှတ် ဖူးသည်။
သစ်တော ပြုန်းတီးခြင်းကြောင့် အန္တာတိတ်က ရေခဲတွေ အရည်ပျော်၍ ရာသီ ဥတုတွေ ဖောက်ပြန်ပါ သတဲ့ ။
ထိုကြောင့် သစ်ပင် စိုက်ခြင်းဟာ ရာသီဥ တု ညီမျှအောင်
ရွက်ဆောင်ခြင်းနှင့် တူညီမျှ ပါတယ်။
ဖုန်း၊ကား စသော စက်ပစ္စည်းများမှ ထုတ်လွှတ်သော
ကာဗွန်ဒိုင်အောက်ဆိုက်အငွေ့ ကို သစ်ပင်များက စုတ်ယူထားသောကြောင့်
ကမ္ဘာကြီး ပူနွေးလာမှုကိုလည်း လျော့ချပေးပါ သတဲ့။
ITနည်းပညာခေတ်၏ တောင်းဆိုမှုအရ ပေါ်လာကြသော စက်ပစ္စည်း အမျိုးမျိုးမှ ထွက်လာသော ကာဗွန်ဒိုင်အောက်
ဆိုက် ထုတ်လွှတ်မှု အရှိန်မြှင့် များပြားသည့်အလျောက်
လူသားတို့ အတွက် လိုအပ်သော
အောက်ဆီဂျင်ကိုလည်း
သစ်ပင်များမှ ထုတ်လွှတ်ပေး ပါသတဲ့ ။
ထိုထို သိပ္ပံစာများကို ဖတ်ရ၍ ထင်ပါသည်
ကျွန်တော် သစ်ပင်စိုက်ခြင်း ဝါသနာ ထုံခဲ့၏။
အခု နောက်ပိုင်းတော့ အရိပ်ရရုံ အပင် အမျိုးအစား
ကို စိုက်ခြင်းထက် စားပင် သီးပင် ပင်ကြီးမျိုးကို
ပို၍ ဦးစားပေး စိုက်သည်။
စိုက်လို့ မကောင်းသည့်မြေမှာ စိုက်လို့ရသည့်
အပင် အမျိုးအစားကို စိုက်သည်။
သဲမြေလည်းဖြစ် ချောင်းရေတက်သည့် နေရာလည်း
ဖြစ်တော့ အပင်စိုက်ထားလိုက် သေသွားလိုက်၊
စိုက်ထားလိုက် သေသွားလိုက်နဲ့ အလွန်ခက်သည့် မြေကွက်လေး တစ်ကွက် ရှိသည်။
အပူဒဏ်ကိုလည်း ခံနိုင်ရမည်၊ရေနစ်သည့် ဒဏ်ကိုလည်း
ခံနိုင်ရမည် ထိုအပင်မျိုးကို ရွေးချယ်ပြီး စိုက်မှ
ရနိုင်သည်။ကျွန်းပင်သည် ထိုဒဏ်များကို ကောင်းစွာ ခံနိုင်ပါသည်။
ထိုကြောင့် ထိုသဲမြေလေးမှာ ကျွန်းပင်လေးတွေစိုက်ထားသည်မှာ အရွယ်ပင် ရလာခဲ့ပြီ။
ကျွန်းပင်၏ သဘာဝသည် အပင်၏ အောက်ခြေမှာ
မီးမြှိုက်ပေးမှ (မီးရှို့ပေးမှ) အပင် အဖြစ် မြန်ပါသည်။
သစ်ပင်စိုက်ခြင်းကို ဝါသနာပါသလောက်
မီးမြှိုက်ခြင်းကိုတော့ ကျွန်တော် အလွန် မုန်းပါသည်။
အပင်အခြေရင်းမှာ မီးမြှိုက်ပေးမှ အကြီးမြန်တဲ့
ကျွန်းပင်လိုမျိုး လောကဒဏ်အပူ ဆိုးဆိုးကြီးတွေနဲ့
ကြုံရ ဆုံရပေမယ့် ကြီးပွားအောင်မြင်သွားသော
လူစားမျိုးတွေကို လေးစား အားကျမိသော်လည်း မီးမြှိုက်ခြင်းကိုတော့ အလွန် မုန်းသည်။
ကျွန်းပင်ကို အကြီး မြန်စေလိုသည်။သို့သော်လည်း
အခြေရင်းမှာ ရှိသော ပုရွက်ဆိတ်စသော အင်းဆက် သတ္တဝါလေးတွေသေကြေ ပျက်ဆီးမှာကို မလိုလား၍
ကျွန်းပင်ခြေရင်းမှာ မီးမြှိုက်ခြင်းကို မလုပ်တာ ဖြစ်ပါတယ်။
သစ်ရွက် သစ်ခက်များအား မီးရှို့ပစ်ခြင်းကိုပင်လျှင်
အလွန် မုန်းမိသည်။အကယ်၍ မီးမရှို့ပဲ ရီဆိုက်ကယ်
ပြန်လုပ်ပြီး ဓါတ်မြေသြဇာ ဖြစ်စေလျှင် အလွန်ကောင်းသည်။မီးရှို့ခြင်း အားဖြင့် ထွက်လာသော အခိုအငွေ့သည်
ကမ္ဘာ့ အိုဇုန်လွှာကို ပေါက်ပြဲ စေသည် ဟု ပညာရှင်တွေ ပြောတဲ့စကားကို မှတ်သားရဖူးသည်။
ထိုအကြောင်း...
ထိုအကြောင်း...စသော ဆိုးကျိုး များစွာကြောင့်
မီးမြှိုက်ခြင်းကို ကျွန်တော် အလွန် မုန်းပါသည်။
၄၊၂၊၂၀၂၃