ကျွန်တော်မုန်းသောအရာများ အပိုင်း-3

ကျွန်တော်သည် ကော်ဖီကြိုက်သူ တစ်ဦးဖြစ်ပါသည်။
ကိုယ်ကိုယ်တိုင် ကော်ဖီကြိုက်သူ ဖြစ်သလို အလည်လာသည့် မိတ်ဆွေ သူငယ်ချင်းများကိုလည်း ကော်ဖီဖြင့်သာ
ဧည့်ခံတတ်သူ ဖြစ်သည်။

ကော်ဖီကောင်းကောင်း လက်ဆောင်ပေးသည့်
မိတ်ဆွေ သူငယ်ချင်းများကိုလည်း အထူးမှတ်သား
ထားတတ်သလို လက်ဆောင်အတွက်လည်း အလွန်
ပျော်တတ်သူ ဖြစ်ပါသည်။

ကော်ဖီ ကောင်းကောင်း ရသည့်ဆိုင် ဆိုလျှင်
သေချာမှတ်သား ထားပြီး သူငယ်ချင်းကို တကူးတက ခေါ်၍ သွားသောက်လေ့ သောက်ထ ရှိသည်။

ကော်ဖီကောင်းကောင်းရသည့်ဆိုင်ကို ညွှန်သည့်
မိတ်ဆွေ သူငယ်ချင်းများလည်း အလွန် တန်ဖိုးထား
တတ်သူ ဖြစ်သည်။

ရန်ကုန်မှာဆိုရင် အေးဆေး တည်ငြိမ်ပြီး စကားပြောလို့
ရသော နေရာမှာ ကော်ဖီခွက် ကိုယ်စီဖြင့် အချိန်ဖြုန်းတတ်လေ့ ရှိသည်။

နယ်မြို့လေးမှာ ရှိခိုက်လည်း မန္တလေးမြို့ပေါ်သို့
ဆိုင်ကယ်ဖြင့် သွား၍ ကော်ဖီ သောက်လေ့ သောက်ထ
ရှိသည်။

သူငယ်ချင်းတစ်ယောက်က ကော်ဖီထုတ် လက်ဆောင်
ပို့လိုက်သည်။ထုပ်ရေ (၈၄)ထုပ်ပါပြီး စျေးနှုန်းက (၉၅၀၀၀)ကျပ် ပေးရသည် ဟု ဆိုသည်။
အထုတ်ငယ်လေး တစ်ထုပ်၏ တန်ဖိုးမှာ ယနေ့ခေတ်စျေးနှုန်းဖြင့် (၁၀၀၀)ကျော် ကျပါသည်။

စျေးနှုန်းကြီးသည်က တစ်ကြောင်း၊
နေရာတိုင်း ဆိုင်တိုင်းမှာ ဝယ်မရသည်က တစ်ကြောင်း၊
ရက်ကြို မှာယူ၍ ရသော်လည်း လမ်းပန်း ဆက်သွယ်
ရေး ခက်ခဲနေသော အချိန်ဖြစ်နေသည်က တစ်ကြောင်း 
စသည့် အကြောင်းကြောင်းကြောင့် 
သည်ကော်ဖီကို မသောက်ဖြစ်သည်မှာ ကြာပါပြီ။

သောက်ရဖို့ ခက်သည့် ကော်ဖီကို ကိုယ်တစ်ယောက်တည်းမသောက်ချင်လို့ ကိုယ့်လို 
ကော်ဖီသောက်ကြိုက်သူ မိတ်ဆွေ တစ်ယောက်ကို
ဖုန်းဆက်၍ လှမ်းခေါ်ပြီး 
စကားပြောရင်း သောက်ကြသည်။

ကော်ဖီကောင်းနှင့် တန်အောင် ကော်ဖီခွက်ကို ပြာဖြင့်
သေသေချာချာ ပွတ်တိုက် ဆေးကာ 
ကျိုပြီးသား ရေနွေးကိုလည်း 
ရေစစ်ခံ၍ ဓါတ်ဗူးထဲသို့ ထည့်သည်။

ကော်ဖီဖျော်တဲ့အခါမှာ ကျွန်တော်တွင် အကျင့်တစ်ခု ရှိသည်။
ကော်ဖီကို အလျင်ထည့်ပြီး ရေနွေးကို နောက်မှထည့်ကာ 
ကော်ဖီထုပ်အခွန်ကို လိပ်၍ ဖျော်သည်ကို အထူး
ရှောင်ကြဥ်သည်။
ဘယ်တော့မှ ထို့ကဲ့သို့ မဖျော်ပါ။

ရေနွေးကို အလျင် ထည့်သည်။ပြီးမှ ကော်ဖီထုပ်လေးကို
ဖောက်၍ ထည့်သည်။ရေနွေးထဲသို့ တဖြေးဖြေးနဲ့
တစိမ့်စိမ့် ပျော်ဝင်နေသော ကော်ဖီအမှုန့်လေးများကို 
ကြည့်၍ လောကကြီးထဲမှ မမြဲခြင်း သဘောတရား
တွေသည်လည်းပဲ ကော်ဖီအမှုန့်လေးတွေ အတိုင်း
သူ့ သဘာဝအရ တဖြေးဖြေးနဲ့ ပျက်စီး
ကွယ်ပျောက်ခြင်း သဘောသို့ တစိမ့်စိမ့် ပျော်ဝင် ပျက်စီး
နေပါလား လို့ စဥ်းစား တွေးတောရင်း ကော်ဖီ 
ဖျော်ပါသည်။

နှစ်ယောက်သား စကားပျော်ရင်း ကော်ဖီသောက်နေစဥ်
ကျွန်တော်၏ ကော်ဖီခွက် မှောက်ကျ သွားပါသည်။
ကော်ဖီတွေ အားလုံးလည်း ဖိတ်စင် ပြန့်ကြဲ သွား၏

ကျွန်တော်သည် ကော်ဖီကြိုက်သလောက်...
ကော်ဖီဖျော်ရင်း လောကဓမ္မကို တွေးတော၍ စိတ် 
တည်ငြိမ်သလောက် ကော်ဖီခွက် မှောက်ကျ ခြင်းကိုတော့ အလွန် မုန်းမိသည်။

မှန်ပါသည်။

ကော်ဖီခွက် မှောက်ကျ ခြင်းကို ကျွန်တော်
အလွန် မုန်းသည်။

အလွန် ကမောက်ကမ နိုင်သည့် ဖြစ်ရပ်
အလွန် ဣန္ဒြေ ပျက်သည့် ဖြစ်စဥ် ဟူ၍ ယူဆသည်။
ထို့ကြောင့် ကော်ဖီခွက် မှောက်ကျ ခြင်းကို 
ကျွန်တော် အလွန် မုန်းမိသည်။

ထို့အတူပါပဲ
ကော်ဖီခွက် မှောက်ကျခြင်းသည် အလွန် ကမောက်
ကမ နိုင်သလို ကျွန်တော်တို့ လူ့ဘောင် အဖွဲ့အစည်းကို
ကမောက်ကမ နိုင်စေသော လူအမျိုး အစားတွေကိုလည်းပဲ 
ကျွန်တော် အလွန် မုန်းပါသည်။

ကော်ဖီခွက် မှောက်ကျခြင်းသည် အလွန် ဣန္ဒြေ ပျက်စေသလို ကျွန်တော်တို့ လူ့ဘောင် အဖွဲ့အစည်းကို ဣန္ဒြေ ပျက်
စေသော လူအမျိုး အစားတွေကိုလည်းပဲ ကျွန်တော် အလွန် မုန်းပါသည်။

ထိုလူ အမျိုးအစား များသည် လူ့ဘောင် အဖွဲ့အစည်းနဲ့
လွတ်နေ တတ်ပြီး တစ်ရွာလုံးနဲ့ တစ်ယောက်၊တစ်ဖွဲ့လုံးနဲ့ 
တစ်ယောက် ဖြစ်နေတတ်သည်။

လူ့ဘောင် အဖွဲ့အစည်းမှ ဖယ်ကြဥ် ခံထား ရသူများ 
ဖြစ်နေတတ်သည်။သူပါရင် ပွဲပျက်တော့သည်။

ဥပမာ
အလွန်ကောင်းမွန်သည့် ဒံပေါက်ပွဲနှင့်တူသော
လူဘောင် အဖွဲ့အစည်း ဖြစ်နေပါစေ
မစင် တစ်စက်နှင့် တူသော ထိုလူစားမျိုး ကျရောက် 
ပါဝင် သွားပြီ ဆိုလျှင် ထိုဒံပေါက်ပွဲသည် ပျက်လေတော့၏။

ထိုသို့လျှင်...
ကော်ဖီခွက် မှောက်ကျခြင်းသည် အလွန် ကမောက်
ကမ နိုင်သည့် ဖြစ်ရပ်နည်းတူ..

ကျွန်တော်တို့ လူ့ဘောင် အဖွဲ့အစည်းကို
ကမောက်ကမ နိုင်စေသော (မစင်လို)ထိုလူအမျိုးအစားကိုလည်းပဲ ကျွန်တော်သည် အလွန် မုန်းပါသည်။

                      ၅၊၂၊၂၀၂၃