ကျွန်တော်မုန်းသောအရာများ အပိုင်း-4


တနင်္လာနေ့ မနက်ခင်းဆိုလျှင် ကျောင်းဆရာလေးက
ကျွန်တော့် အတွက် လက်ဘက်ရည် ပုံမှန် ပါဆယ် 
တစ်ခွက်နှင့် စမူဆာတစ်ပွဲ ဝယ်လာ တတ်သည်။

သည်နေ့ တနင်္လာနေ့ ဖြစ်၍ စာသင်ကျောင်းမှ 
ကလေးတွေရဲ့ စာသင်သံ ကြားရ၏။
Breakfast စားပြီးတာနဲ့ ခြံထဲသို့ ဆင်းကာ ကျောင်းဆရာလေး ယူလာသော စမူဆာကို စားရင်း လက်ဘက်ရည်
သောက်နေသည်။

အရင်က ဆိုရင် ကျွန်တော်က လက်ဘက်ရည်ကို 
ပေါ့ဆိမ့်ပဲသောက်သည်။
အခုနောက်ပိုင်း ပုံမှန် လည်း သောက်တတ် လာပါသည်။
အဖန်ဓါတ် နည်းနည်းလေး ပို ရချင်တာရယ်၊ ကိုယ့်ဘဝကို ပြုတ်ကျသွားအောင် လုပ်သော လောကဓံ ဆိုးဆိုးကြီးတွေကို 
စဥ်းစားမိပြီး"ငါကတော့ အခုချိန်ထိ ပုံမှန်ပါပဲ"ဆိုပြီး ပြောရာ ရောက်အောင်ရယ်
လောကဓံကို အရွဲ့တိုက်ချင်လို့ လက်ဘက်ရည် ပုံမှန် သောက်တတ်လာသည် ဟု ဆိုရပါမည်။
ပုံမှန်သောက်တဲ့ ချစ်သူငယ်ချင်း တစ်ယောက်အကြောင်းလည်း ပါသည် ပေါ့။

လက်ရည်ဆိုင် မထိုင်ဖြစ်သည်မှာ နှစ်ပတ် လည်တော့မည်။၁၉၉၉ ခုနှစ်ကာလ လက်ဘက်ရည်ဆိုင် အတွင်းမှ
ကိုထီးကို လွမ်းသည်။ကိုငှက်ကိုလည်း လွမ်းမိသည်။
ဆိုင်ထောင့်ခုံက ကျောင်းဆရာ ကဗျာဆရာလေးကိုလည်း
သတိရမိသည်။

လက်ဘက်ရည်ဆိုင် ထဲသို့ ရောက်လျှင်
"ဆီကြော်တွေ သိပ်မစားနဲ့နော်"ဆိုတဲ့ သတိပေးသံလေး
ခပ်သဲသဲ ကြားယောင်မိနေသည့်တိုင်အောင် 
ဆီကြော်ဖြစ်တဲ့ စမူဆာကို အခုထိ ကျွန်တော် စားမိနေတုန်းပဲ။အသံလေးက ကျွန်တော်နှင့်အတူ ရှိနေဆဲ ဖြစ်ပေ
မယ့် အသံပိုင်ရှင်ကတော့ ကျွန်တော်နဲ့ မိုင်တွေဝေးတဲ့ အရပ်ဆီမှာ အသိုက် အမြုံလေးနဲ့ရွှင်လန်း ပျော်ရွှင်နေပါ
တယ်။

"သြော် အနုပညာကို အထင်သေး သူကြီးရယ်"
မဟုတ်ပါဘူးလေ။ကျွန်တော့် အနုပညာကိုသာ 
အထင်သေးသူကြီးရယ်ပါ။

ကျွန်တော် စမူဆာ ကြိုက်တယ်။
စမူဆာထဲမှာ ပါတဲ့ အာလူးလည်း ကြိုက်ပါတယ်။
မြတ်နိုးရသော သူ၏ ချိုသာလွန်သော အာလူးနဲ့
ကျွန်တော် အသားကျ ခဲ့ပါပြီ။
ပေါ့ဆိပ်ထက် ပုံမှန် လက်ဘက်ရည်ကို သောက်ခြင်းမှာ
ကျွန်တော် အသားကျ ခဲ့ပါပြီ။

ကျွန်တော် စမူဆာ ကြိုက်သလောက်
တြိဂံ ပုံ=(သုံးထောင်းချိုး)ကိုတော့ အလွန် မုန်းမိသည်။
စမူဆာကို အဘယ်ကြောင်းများ တြိဂံပုံ=(သုံးထောင်းချိုး)
ပြုလုပ်ထားကြ ပါသနည်း ဟု စဥ်းစားမိသည်။

အတိအကျဆိုရသော် စမူဆာလို "သုံးထောင့်ချိုးစိတ်"
ရှိတဲ့သူမျိုးကို ကျွန်တော် အလွန် မုန်းပါသည်။

"ဘဝမှာ လေးငါး ခြောက်ခု မလိုပါဘူး...
နှစ်ခုပဲ လို တယ်...
မိတ်ဆွေ စစ်စစ်နဲ့ 
ရန်သူ စစ်စစ် " 

ဆရာ အောင်ချိမ့် ကဗျာကို ရွတ်ဆို မိတိုင်း
"သုံးထောင့်ချိုးစိတ်" ရှိသူမျိုးကို အလွန် မုန်းမိသည်။

"ဟိုဘက်က လိုလို
ဒီဘက်က လိုလို နဲ့ သူ့ ဘက်သူ ကပ်သွားတတ်သူမျိုး"

"အမှန်တရားဘက်က လိုလို
အမှားတရားဘက်က လိုလိုနဲ့ သူ့ အတ္တဘက် သူကပ်သွားတတ်သူမျိုး"

"ကောင်းတဲ့ဘက်က လိုလို
မကောင်းတဲ့ဘက်က လိုလိုနဲ့ သူ့အကျိုးစီးပွားဘက်ကို
သူကပ်သွားတတ်သူမျိုး"

"ရန်သူ လိုလို 
မိတ်ဆွေ လိုလိုနဲ့ သူနဲ့ အဆင်ပြေနေရင် မိတ်ဆွေဖြစ်နေတတ်ပြီး သူနဲ့ အဆင်မပြေတော့ရင် 
ရန်သူ ဖြစ်သွားတတ်တဲ့ သူ့ဘက်သူ ယက်သွား တတ်သူမျိုး"

ထိုသူမျိုးကို စမူဆာလို "သုံးထောင့်ချိုးစိတ်" ရှိသူမျိုးလို့
ကျွန်တော် အဓိပ္ပါယ် ဖွင့်ဆိုပါသည်။

ထိုကြောင့် ကျွန်တော်သည် တြိဂံပုံ(=သုံးထောင်းချိုး)ကို
အလွန်မုန်းသည်။

အတိအကျဆိုရသော် စမူဆာလို "သုံးထောင့်ချိုးစိတ်"
ရှိတဲ့သူမျိုးကို ကျွန်တော် အလွန် မုန်းပါသည်။

                      ၆၊၂၊၂၀၂၃