ကျွန်တော်မုန်းသောအရာများ အပိုင်း-5
"တစ်ခုခုကို အရမ်းသတိရနေတဲ့နေ့တွေမှာ
ဖိနပ်မပါဘဲ လမ်းလျှောက်ဖြစ်တယ်...
ဆုံးရှုံးမှုတွေအကြောင်း အတွေးရောက်သွားရင်
ဖုန်းကိုဖွင့် ဂဏန်းတွေ တစ်လုံးပြီးတစ်လုံး
မရပ်မနား နှိပ်နေမိတတ်တယ်...
ဘာမှမတွေး ဘာမှသတိမရတဲ့ အချိန်တွေမှာတော့
မြေပေါ်မှာ သုည အကြီးကြီး တစ်လုံးရေး
အဲဒီ သုညထဲ တစ်ဘဝလုံး ဝင်ထိုင်
စိတ်ပါ လက်ပါ ငိုင်နေမိတော့တာပဲ။"
သစ္စာမင်းအိမ်
ကဗျာဆရာကတော့ သူအကြံကုန် ဥာဏ်ကုန်ဖြစ်တဲ့အချိန်မှာ
သုည အကြီးကြီး တစ်လုံးရေးပြီး တစ်ဘဝလုံး
ဝင်ထိုင်ပါ သတဲ့။
သူ့တစ်ဘဝရဲ့ အရှိတရားကို ကွင်းကွင်းကွက်ကွက် မြင်အောင် ပြသွားလေရဲ့။
အနုပညာသည် ဆိုတာ ဒါပါပဲ (မိဝေ)
သူမှာ ဘာဥစ္စာဓနမှ မရှိသည့်တိုင် သူ့တစ်ကိုယ်လုံးကို
အနုပညာဖြင့် ရစ်ပတ် တုပ်နှောင် ကိုယ်ရောင် ကိုယ်ဝါပြောင်ကြောင်း ပြချင် နေသူတွေပေါ့။
ထမင်း ငတ်မည့်ရောဂါ ဖြစ်နိုင်ချေ ရှိနေချိန်မှာ
ပန်းချီဆရာက သူ့ ပန်းချီကားတွေကို ထိုင်ကြည့်၍
ပီတီဖြစ်နေရုံဖြင့်...
ကဗျာဆရာက သူ့ကဗျာတွေကို ထိုင်ရွတ်ပြီး
ကြည်နူးနေရုံဖြင့်...
ဂီတာ ဆရာက သူ့ဂီတာကို ထိုင်တီးနေရုံဖြင့်...
ရောဂါကို တားဆီးနိုင်လိမ့်မယ်လို့ မထင်ပါဘူး။
ဘယ်အနုပညာသည် မဆို ကိုယ့်ဖန်တီးတဲ့ အနုပညာ
ပစ္စည်းကို ရောင်းတန်း ဝင်အောင် လှပ သေသပ်စွာ
ထုပ်ပိုး ပြင်ဆင် တတ်ကြပေမယ့်
ကိုယ်မြတ်နိုးတဲ့ အနုပညာ ပစ္စည်းကို တစ်ပါးသူက
စျေးဖြတ်တာကိုကျတော့ နှစ်မြို့လေ့ မရှိကြပြန်ဘူးလေ။
တစ်ချို့အနုပညာသည်တွေက သူ့အနုပညာ ပစ္စည်းနှင့်
ပက်သက်လာရင် အလွန်ခေါင်းမာ တတ်ကြတယ်။
"အရှေ့က နေဝန်း ထွက်သည့်ပမာ"
မုံရွာက အညာသားကြီး၊
လက်ဝဲဆန်တဲ့ နိုင်ငံရေးသမားကြီး၊
ကွန်မြူနစ် နိုင်ငံရေးသမားကြီး ဆရာကြီး သိန်းဖေမြင့်ရဲ့
ပြောင်မြောက်လှသည့် အနုပညာ လက်ရာတစ်ခုပါ။
အခန်းလေး တစ်ခန်းမှ အကွက်လေး တစ်ခုကို
အနည်းငယ် ပြင်ဆင်ပေးပါ။ကမ္ဘာ့ ဘာသာပေါင်း
(၁၃)ခုဖြင့် ဘာသာပြန်၍ ထုတ်ဝေပေးပါမည် ဟု
ကမ်းလှမ်း ခံရသည်။
ငွေတွေ လှိမ့်ဝင်လိုက်မည့်ဖြစ်ခြင်း၊
အနုပညာ လက်ရာကိုလည်း ကမ္ဘာသို့ ဖြန့်ပြီးသား
ဖြစ်မည်၊ဒီအခွင့်အရေးကြီးကို သူမြတ်နိုးတဲ့ အနုပညာ
ပစ္စည်းကို တစ်ပါးသူက တန်ဖိုးဖြတ်တာ မနှစ်မြို့သည့်အတွက် လက်မခံ ခဲ့ဘူး။
လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက
မြန်မာ လူမျိုးတွေ အပေါ် နိုင်ငံရေး သြဇာကြီးသည်။
ဆရာကြီး သိန်းဖေမြင့်က ဥရောပထိအောင် စာပေသြဇာ
ညောင်းသည်။
ဆရာကြီးသိန်းဖေမြင့် သေဆုံးသွားတော့
ကမ္ဘာ့စာပေကို ချုပ်ကိုင်မည့် စာပေစစ်သူကြီးတော့
သေဆုံးသွားပြီ ဟူ၍ စာပေပညာရှင် အသိုင်းအဝိုင်းက
မှတ်ချက် ပြုကြပါ သတဲ့။
သူ့ဖန်တီးတဲ့ အနုပညာ ပစ္စည်းနှင့်
ပက်သက်လာရင် အလွန်ခေါင်းမာတဲ့ သူကြီးပေါ့။
ပညာကို ဝယ်ချင်ရင် ဝယ်ပါ။
တစ်စုံ တစ်ယောက် ဖန်တီးတဲ့ အနုပညာကိုတော့
ဝယ် မယူပါနဲ့။ခံစားချက်တူညီလျှင် ဝယ်ယူပြီးသား
ဖြစ်လိမ့်မည်။
ပညာကို စျေးဆစ်ချင် ဆစ်ပါ။
တစ်စုံ တစ်ယောက် ဖန်တီးတဲ့ အနုပညာကိုတော့
စျေး မဆစ်ပါနဲ့။မြတ်နိုးမိလျှင် ပူဇော်မှုဖြင့် လဲလှယ်ယူနိုင်သည်။
ပန်းချီကားကို တန်ဖိုးဖြတ်ချင် ဖြတ်ပါ။
ပန်းချီပညာရှင်၏ ဖန်တီးမှု အနုပညာကိုတော့
တန်ဖိုး မဖြတ်ပါနဲ့။
ဂီတာကို တန်ဖိုးဖြတ်ချင် ဖြတ်ပါ။
ဂီတပညာရှင်၏ ဖန်တီးမှု အနုပညာကိုတော့
တန်ဖိုး မဖြတ်ပါနဲ့။
ကဗျာစာအုပ်ကို တန်ဖိုးဖြတ်ချင် ဖြတ်ပါ။
ကဗျာရှင်၏ ဖန်တီးမှု အနုပညာကိုတော့
တန်ဖိုး မဖြတ်ပါနဲ့။
အနုပညာ ဖန်တီးမှု တန်ဖိုးဖြတ်သူတွေကို
ကျွန်တော် အလွန် မုန်းပါသည်။
၇၊၂၊၂၀၂၃