ကျွန်တော်မုန်းသောအရာများ အပိုင်း-6
"ခင်ဗျားနှယ်ဗျာ ဒီလောက်တောင် ကိုယ့်ကို ခဲနဲ့ ပစ်ပေါက်နေကြတာကို ဘာဖြစ်လို့များ
လူတွေအတွက် အသီးတွေ သီးပေး နေရတာလဲ ဗျာ။
ကျွန်တော်သာဆိုရင် သီးမပေးပါဘူးဗျာ။"
ကျွန်တော်က အဲဒီလို ပြောလိုက်တော့ သူက ကျွန်တော်ကို
ခပ်အုပ်အုပ် မိုး၍ ကြည့်နေသည်။
ကျွန်တော်က သာလျှင် သူ့အတွက် မကျေမနပ် ဖြစ်နေလို့
ပြောချလိုက်ပေမယ့် သူကတော့ သူ့သဘာဝ အတွက်
ရွှင်လန်း ဝမ်းသာနေပုံ ပေါက်ပါတယ်။
စိမ်းလန်း စိုပြေပြီး အသီးတွေကို ရင်ခွင်မှာ
ပိုက်ထားလေရဲ့။
"ဒါက ဒီလိုရှိတယ်လေဗျာ"
လောကကြီးကို သူက အဘယ်သို့ သဘောထာသည်နည်း
ကျွန်တော် သိချင်သည်။
သူ၏ ဘဝနဿန တရားကို နာလို၏။
သူ့မျက်နှာကို သေချာကြည့်၍ သူပြောမည့် စကားကို ကောင်းစွာ နားထောင်နေ၏။
"ငါတို့ ဘိုး ဘွား ဘီ ဘင် အဆက်ဆက်ကတည်းက
ကိုယ့်ကို ခဲနဲ့ ပစ်ပေါက်မှသာ ဒီလိုပဲ အသီးသီးကြတဲ့
သဘာဝ ရှိတာကိုးကွယ့်။ငါတို့ လက်ထက်မှာလည်း မျိုးရိုးစဥ်ဆက် တာဝန် ကျေပွန်ရတာပေါ့ကွာ။
သူတို့ လူတွေက ဘယ်လိုပဲ ခဲနဲ့ ပစ်ပေါက်ပေါက် သူတို့အတွက် အသီးသီး
ပေးရမှာ ငါတို့ရဲ့ သဘာဝ တာဝန်လေ။
သူတို့ မကောင်းတိုင်း ငါတို့ ကောင်းပေရမှာ ငါတို့ တာဝန်လေကွာ။
လောကကြီးအတွက် ပေးဆပ်ဖို့ သက်သက်၊
အကျိုးပြုဖို့ သက်သက် ရှင်သန် ရပ်တည်လာကြတာပါ။
အဲဒီအတွက် ခဲနဲ့ ပစ်တဲ့ သူတို့ကို စိတ်မဆိုးသည့် အပြင်
ငါတို့မျိုးရိုးဂုဏ်ကို ထင်ပေါ် တောက်ပစေသည့်အတွက်
ကျေးဇူးပင် တင်ရဦးမှာ"။
"ဒါပေမယ့် ဗျာ။သူတို့က အသီးလိုလို့ ခဲနဲ့
ပစ်ကြတာလေဗျာ။ကျွန်တော်ကတော့ ခင်ဗျားတို့လို
သဘောထား မကြီးနိုင်ပါဘူးဗျာ။"
သူက သူသိထားသော လောက သဘာဝကို
ဆက်ပြောလေ၏။
"သူရဲကောင်း အနည်းငယ်က လွဲရင် လူတွေအားလုံးဟာ
အတူတူပဲ။အကျိုးလိုလို့ ညောင်ရေသွန်းကြတာက များတယ်။"
"ခင်ဗျားရဲ့အသီး နုနုလေးတွေကို ကြက်သားနှင့်ချက်စားတာကို ကျွန်တော် အလွန်ကြိုက်တယ်ဗျ။
ဒါပေမယ့် ကျွန်တော်ကတော့ ခင်ဗျားကို ခဲနဲ့ ပစ်မှာ မဟုတ်ဘူးဗျ။"
ကိုယ့်စီးပွားကျိုးအတွက် သူတစ်ပါးကို ခဲနဲ့ ပစ်သူတွေကို
ကျွန်တော် မုန်းလို့ပဲဗျ။
"ခင်ဗျားတို့ကိုတော့ ကျွန်တော် အရမ်းလေးစားတယ်ဗျာ။
ကိုယ့်ကို ခဲနဲ့ ပစ်ပေါက်ကြတာတောင်မှ ပျော်ပျော်ကြီး
သီးနေကြတာဗျာ။ခင်ဗျားတို့ရဲ့ ပေးဆပ်နိုင် စွမ်းကိုတော့
ကျွန်တော် အံ့လည်း သြ ပါတယ်ဗျာ။"
"ဒါဆိုရင် ငါတို့ထက် လေးစားရမည့်သူတွေ
ရှိသေးတယ်။သိချင်ရဲ့လား?။"
"ဆိုစမ်းပါဦးဗျာ။သိလိုလှပါတယ်။"
"ငါတို့က ခဲနှင့်ပဲ အပစ်ခံရတာကွ။တချို့ဆိုရင်
ဓါးနဲ့ပါ အထစ်ခံရတာတွေ ရှိတယ်။တစ်ချို့ကျတော့
အပုတ် ခံရတာ ရှိတယ်ကွာ။
ပိုးဆိုးတာက အခုတ်ခံရတာရယ်၊အနင်း ခံရတာရယ်က ပိုဆိုးတယ်ကွ။
ဒါတောင် သူတို့ကလည်း ငါ့တို့လိုပဲ သူတို့ကို
ထစ်တဲ့သူ၊ပုတ်တဲ့သူ၊ခုတ်တဲ့သူ၊နင်းတဲ့သူတွေ အတွက် အသီးတွေ သီးပေးနေကြတယ်။
သူတို့ကိုလည်း လေးစားရမှာ"။
"ဟုတ်ပါရဲ့ဗျာ။သူတို့ကလည်း လေးစားစရာပါဗျာ။"
လောကမှာ လူတွေဟာလေ သူတို့သာ အကျိုးရမယ်
ဆိုလျှင် သူတစ်ပါးကို ခဲနဲ့ "ပစ်"ရမှာလည်း ဝန်မလေးကြဘူး။
ဝါးနဲ့ "ပုတ်"ရမှာလည်း ဝန်မလေးကြဘူး။
ဓါးနဲ့ "ထစ်"ရမှာလည်း ဝန်မလေးကြဘူး။ခုတ် ရမှာလည်း
ဝန်မလေးကြဘူး။ခြေဖြင့် "နင်း" ရမှာလည်း ဝန်မလေးကြပါဘူး။
ခဲနဲ့ "အပစ်"ခံလိုက်ရ လို့သာ....(ပိန္နဲပင်မျိုး)
ဝါးနဲ့ "အပုတ်"ခံလိုက်ရလို့သာ....(မကျည်းပင်မျိုး)
ဓါးနဲ့ "အထစ်" ခံလိုက်ရလို့သာ...(သရက်ပင်မျိုး)
ဓါးနဲ့ "အခုတ်" ခံလိုက်ရလို့သာ...(ဇီး(ဆီး)ပင်မျိုး)
ခြေဖြင့် "အနင်း" ခံလိုက်ရလို့သာ...(ဖရုံပင်မျိုး)
လှပ တင့်တယ်ပြီး ကြီးမြတ်သော ဘဝကို ရသွားကြသူတွေ လောကမှာ ရှိတယ် ဆိုတာ ကျွန်တော် ဝန်ခံ ပါတယ်။
မည်သို့ပင် ဆိုစေကာမူ
သူတို့ "ပစ်" လိုက်သည့် ခဲကြောင့် ကျွန်တော့် ဘဝ
ဘယ်လောက်ပင် မြင့်တက် သွားသည် ဖြစ်နေပါစေဦး။
ကျွန်တော့်ကို "ပစ်" လိုက်တဲ့ "ခဲ"ကို
ကျွန်တော်ကတော့ "မုန်း" နေဦးမှာ ပါပဲ....။
၈၊၂၊၂၀၂၃