ကျွန်တော်မုန်းသောအရာများ အပိုင်း-7


"အရှင်ဘုရား တပည့်တော် အရှင်ဘုရားကို စွန့်လွှတ်တော့မယ်ဘုရား။အရှင်ဘုရားကို ဆရာအဖြစ် မသတ်မှတ်တော့ဘူး ဘုရား"

"သုနက္ခတ် ငါ ဆရာ လုပ်မယ် ၊မင်းကို တပည့်အဖြစ် 
လက်ခံတယ်။ငါ့ အဆုံးအမကို လာ ကျင့် လို့ ဘယ်တုန်းကများ မင်းကို ခေါ်ဖူး ခဲ့လဲ သုနက္ခတ်" (ပါထိကသုတ်)

မနက်ခင်း အိပ်ရာမှ ထ၍ မျက်နှာ မသစ်ခင် ရေအေးအေး
တစ်ခွက်ကို သောက်ချ ပစ်လိုက်တယ်။ကျန်းမာရေး အရ
ကောင်းမွန်သည် ဟု အင်္ဂလိပ်ဆရာ အငြိမ်းစားကျောင်းအုပ် ဆရာကြီးက ပြောဖူး ပေးဖူးတဲ့ ကျန်းမာရေး
အတွက် ဆေး ရေ တစ်ခွက် ။
အားရပါးရ သောက်၍ ကျန်သော ရေအနည်းငယ်ကို သွန်းလျက် မျက်စိက ကံ့ကော်ပင်ဆီရောက်သွား၏။
ကံ့ကော်ဖူးတွေ စီစဥ်တကျ ဖူးနေကြသည်ကို သတိထားမိသည်။
ကံ့ကော်ပန်းကို မြတ်နိုးပါတယ်
ဆိုသော သူမကို သတိရမိလျက်သား ဖြစ်သွားသည်။
ရင်ထဲမှာ တဆစ်ဆစ်နဲ့ အောက် နေမိတာကိုလည်း သတိထားမိသည်။ခံပြင်း ဒေါသစိတ် တဖွားဖွား
ထွက်လာသည်ကို သတိထား၍ သက်ပြင်းရှည်ကြီးတစ်ခုကို တစ်ယောက်တည်း ခိုးချ နေမိသည်။

သူမကို လွမ်းလည်း လွမ်းရပါသည်။ပြီးတော့ ကြောက်လည်း ကြောက်မိပါသည်။
သူမကို ကြောက်ခြင်းတော့ မဟုတ်ပါဘူး။
သူမကို မုန်းတဲ့ မာရ်နတ် အပေါင်းကို ကြောက်မိခြင်းပါ။
သူမ ရန်ဘက် မာရ်နတ်အပေါင်းကို သူမကတော့ နည်းနည်းလေးမှ ကြောက်မှာ မဟုတ်ပါဘူး ဆိုတာ ယုံကြည်နေသည်။
သို့သော်လည်း ကျွန်တော်ကတော့ သူမ၏ မာရ်နတ် အပေါင်းကို ကြောက်သည်။
သူမကို သတိရခြင်းသည်ပင် ကျွန်တော့်အတွက် ကြောက်နေမိသည်။
သူမ၏ မကြောက်ခြင်း ရဲဝံ့ခြင်းကိုပဲ ကြက်သီးမွှေးညှင်း ထမိလောက်အောင် ကြောက်မိသည်။
ကျွန်တော်ကို မကြောက်စေသော သူမအကြောင်းကိုပဲ ကြောက်နေမိသည်။သူမလောက်မှ မစွန့်လွှတ်နိုင်တဲ့ ကျွန်တော်ကိုယ် ကျွန်တော်လည်း ကြောက်မိသည်။
ကျွန်တော်၏ အကြောက်တရားကြောင့် ဖြစ်လာနိုင်သော ကွင်းဆက် အကျိုးတရားတွေကိုလည်း ကြောက်မိပါသည်။

အဘိဓမ္မာ သဘောအရ
အကြောက်တရား၏ တရားကိုယ်မှာ ဒေါသ(=ခံပြင်း 
မကျေနပ်မှု)တနည်းအားဖြင့် အမုန်းတရား ဖြစ်ပါသည်။ထို ဒေါသ အမုန်းတရားကို မပယ်နိုင်သေးသရွှေ့တော့
ကြောက်နေရဦးမယ်။သူမ၏ မာရ်နတ်အပေါင်းကို ကျွန်တော် အလွန်မုန်းတီးနေ၍ ကြောက်နေခြင်း ဖြစ်သည်ကိုလည်း သိသည်။

ကွန်တော်သည် ကြောက်ရမည့် ဘယ်အရာကိုမှ အလို မရှိသူ ဖြစ်ပါတယ်။
ဘယ်အရာကိုမှ မကြောက်ချင်သူ ဖြစ်ပါတယ်။
ဘုရားကို ကြောက်ရမည်ဆိုလျှင် အဲဒီဘုရားကို ကျွန်တော် မကိုးကွယ်ဘူး။
ကြောက်ရမည့် ဘယ်သူကို
မဆို ဆရာအဖြစ် လက်မခံချင်ဘူး။
ကြောက်ရမည့် ဘယ်သူကိုမှ ကိုယ်ရဲ့ခေါင်းဆောင်အဖြစ် မတင်မြှောက်ချင်ဘူး။
ကြောက်ရမည့် ဘယ်ပညာကိုမှ မတတ်မြောက်ချင်ဘူး။
ကြောက်ရမည့် ဘယ်တရားကိုမှ မပေါက်ချင်ဘူး။

နေရမှာ ကြောက်ရမည့် ဘယ်လိုဘဝမျိုးကိုမှ မကြောက်ချင်ဘူး။သေရမှာ ကြောက်ရမည့် ဘယ်လိုဘဝမျိုးကိုမှ
မကြောက်ချင်ဘူး။အကြောက်တရား၏ အဓိပ္ပါယ်ကို
လည်း ကျွန်တော် မကြောက်ချင်ဘူး။

အကြောက်တရားကို အလွန်မုန်းတယ်။အကြောက်တရားကို ဖြစ်စေသူ ပြုလုပ်သူတွေကိုလည်း မုန်းတယ်။
မုန်းသည့်အတွက် ကြောက်နေရသည်ကို နားလည်နိုင်တဲ့ ဥာဏ်ပညာကိုလည်း မကြောက်ချင်ဘူး။

သို့သည့်တိုင်အောင် ကျွန်တော်တို့တတွေရဲ့ ဘဝမှာ
ကြောက်ကြောက်နဲ့ ဘုရားကို ကိုးကွယ်ခဲ့ဖူး လျက်သား 
ဖြစ်ခဲ့ရဖူးတယ်။ကြောက်ရတဲ့ ဆရာသမားတွေနဲ့ ကြုံခဲ့
ဖူး လျက်သား ဖြစ်ခဲ့ရဖူးတယ်။ကြောက်အောင်လုပ်တဲ့
သူတွေရဲ့ ဦးဆောင်ခြင်းကို ကြောက်ကြောက်နဲ့ ခံခဲ့ရဖူး
လျက်သား ဖြစ်ခဲ့ရဖူးသည်။

ကျွန်တော့်ဘဝမှာ ဘယ်တော့မှ တပည့် မမွေးဘူး။
နောက်လိုက် မမွေးဘူး လို့ ဆုံးဖြတ်ထားသည်။
အဘယ်ကြောင့်ဆိုသော် ကိုယ်မသိလိုက်ဘဲနဲ့ ကိုယ့်ကို
ကြောက်ကြတဲ့ တပည့်မျိုး နောက်လိုက်မျိုးတွေကို
တပည့်တော်မိလျက်သား၊ဆရာတော်မိလျက်သား ဖြစ်နေမှာကို စိုးလို့ပါပဲ။

ဘယ်သူ ဘယ်သူ့ကမှ အကြောက်တရားနဲ့ ဆက်ဆံလာတာကို မကြိုက်သလို ဘယ်သူ ဘယ်သူ့ကိုမှလည်း အကြောက်တရားပေး၍ မဆက်ဆံချင်လိုပဲ ...။

ချစ်တာကို လွတ်လွတ် လပ်လပ် ချစ်စေချင်တယ်။
မုန်းတာကို လွတ်လွတ် လပ်လပ် မုန်းစေချင်တယ်။

ကိုယ်ကလည်း ပညာကို လွတ်လွတ် လပ်လပ် သင်ချင်တယ်။ကိုယ်ဆီကလည်း ပညာ လွတ်လွတ် လပ်လပ် နဲ့
သင်စေချင်တယ်။

ကံ့ကော်ဖူးလေးတွေကို သေသေချာချာကြည့်၍ ကျွန်တော်
စိတ်ထဲမှာ အကျယ်လောင်ဆုံး ဘာသာဘေဒနှင့် ကျွန်တော်
အော် ပြောလိုက်ပါတယ်။

"ကံ့ကော်ပန်းကို မြတ်နိုးသော သူမကို ကျွန်တော်
လွမ်းပါသည်။ကျွန်တော့်ကို မကြောက်စေသော သူမကို
ကျွန်တော် လွမ်းပါသည်...။

သူမ၏ မာရ်နတ်အပေါင်းကို ကြောက်ပါသည်။
ကျွန်တော်၏ အကြောက်တရားကြောင့် ဖြစ်လာနိုင်သော ကွင်းဆက် အကျိုးတရားတွေကိုလည်း ကြောက်မိပါသည်...။

ကြောက်ရတာကို ကျွန်တော် အလွန်မုန်းပါသည်။
မုန်းလို့ ကြောက်နေရတာကိုလည်း ကျွန်တော် အလွန်
မုန်းသည်။

အမုန်း တရားများကို အလွန် အကြောက်သလို
အကြောက် တရားများကိုလည်း ကျွန်တော် 
အလွန် မုန်းပါသည်။

                     ၂၃၊၂၊၂၀၂၃