ကျွန်တော်မုန်းသောကျွန်တော် အပိုင်း-8
သည်နေ့ ကလေးများ မလာ၍ စာမသင်ရသောကြောင့်
ကော်ဖီ တစ်ခွက် ဖျော်ကာ ဖုန်းကို ယူပြီး ကံ့ကော်ပင်အောက် အနားယူ ထိုင်နေသည်။သည်နေ့ စနေနေ့လည်း
မဟုတ်၊ တနင်္ဂနွေ နေ့လည်း မဟုတ်ပါဘဲ ကလေးတွေ
ဘာကြောင့် မလာတာပါလဲ?ဆိုပြီးလည်း ထွေထွေ ထူးထူး တွေးတော မနေတော့ပါဘူး။ကျွန်တော်က ဘယ်လောက်
ဖွင့်တယ် ပြောပြော သူတို့ စိတ်မပါတဲ့ အခါ သူတို့ဘာသာ ကျောင်းပိတ်တယ် ပြောပြီး မလာတော့ဘူး။
ကျွန်တော်က ဘယ်လောက်ပဲ ပိတ်တယ် ပြောပြော သူတို့လာချင်တဲ့ အခါကျရင်လည်း ရောက်လာ တတ်ကြပြီး စာကျက်နေ၊ စာရေး နေတတ် ကြတာမျိုး။
ဖွင့်ခြင်း ပိတ်ခြင်းက ကျွန်တော်နဲ့ ဘာမှမဆို။
သူတို့ဘာသာနဲ့သာ ဆိုင်သည်။သူတို့
ဖွင့်ချင် ဖွင့်မယ်။သူတို့ ပိတ်ချင် ပိတ်မယ်။
ဘယ်လောက်တောင် ကျွန်တော် အပေါ်မှာ လွတ်လွတ်လပ်လပ် ဆက်ဆံ လိုက်ကြပါသလဲ။
ဘယ်လောက်တောင် ချစ်စရာကောင်း လိုက်ကြပါ သလဲ။
ကျွန်တော်နဲ့ သူတို့လေးတွေ ကြားမှာ အကြောက်တရား မရှိစေရ။
ထိုဘာသာရပ် သည် ပင်လျှင် သူတို့လေးတွေကို ကျွန်တော်သင်ကြားပေးသည့် ပညာရေးဖြစ်သည်။
လွတ်လွတ် လပ်လပ် ပျော်ပျော် ပါးပါး နေစေခြင်း သည်ပင်လျှင် ကျွန်တော် ပို့ချသော တစ်ဘဝစာ သင်ခန်းစာ ဖြစ်ပါသည်။
"အများနှင့် နေတဲ့အခါ မေတ္တာစိတ်ဖြင့် နေပါ။
တစ်ယောက်တည်း ရှိနေတဲ့အခါ အတွေးတွေကို ဂရုစိုက်ပါ။" တဲ့ ။
ကျွန်တော်တို့ တစ်ဘဝလုံးအတွက် သံမှိုဖြင့်
ကပ်ရိုက်ထားသလို စွဲနေရမည့် ပညာရှိများ၏ အဆိုအမိန့်
သည် တကယ် မှန်ပါသည်။တစ်ယောက်တည်း ရှိနေချိန်မှာ
ကောင်းသော အတွေးတွေ၊မကောင်းသော အတွေးတွေ၊
အတိတ် အကြောင်း အတွေးတွေ၊အနာဂတ် အကြောင်း အတွေးတွေ တွေးနေ တတ်တယ်။အခု လည်းပဲ ကျွန်တော်
ဘယ်လောက်တောင် အတွေးထဲ မျောနေသလဲဆိုရင် ငှက်လေး တစ်ကောင်ကြောင့် ကံ့ကော်သစ် ကိုင်းခြောက်လေး
မျက်နှာပေါ် ပြုတ်ကျမှ ကျွန်တော် ကံ့ကော်ပင်ကို ကြည့်၍
တွေးနေမိတာ သတိထားမိတော့တယ်။
သတိထားမိတာပဲ ရှိပါတယ်။အတွေးကတော့ ရပ်မသွားပါဘူး။ဆင့်ကဲ အတွေးတောင် ပေါ်လာလိုက်သေးတယ်။
မျက်နှာပေါ် ကံ့ကော် ကိုင်းခြောက် မကျခင် အတွေးက
"ကံကော်ပင် တစ်ပင်ဟာ ဘယ်အချိန်မှာ လှပ တင့်တယ်
ပါ သလဲ?"ဖြစ်ပါတယ်။
ကျွန်တော့် အဖြေကို ပြီးမှ ပြောမည်။
မျက်နှာပေါ်မှာ ကံ့ကော် ကိုင်းခြောက် ကျပြီးမှ တွေးတဲ့
အတွေးက ဗုဒ္ဓစာပေထဲက လာတဲ့ ဘဝနီတိ ဆုံးမစာ
တစ်ခုနှင့် စပ်ဆက် နေပါသည်။
ဗုဒ္ဓစာပေထဲမှာ...
"သစ်ပင်တွေဟာ လူတွေ ငှက်တွေ (သတ္တဝါတွေ)အတွက်
အသီးတွေ၊အပွင့်တွေ သီးပေးကြ၊ပွင့်ပေးကြတယ်။
နားခိုဖို့ရန် အရိပ်လည်း ပေးတယ်။နောက်ဆုံး သစ်ကိုင်းခြောက်သည်ပင် ထင် အဖြစ် အသုံးဝင်စေတယ်။ကျွန်တော်တို့ လူသားတွေက လူအသိဥာဏ်ဖြင့် အဘယ်
ကြောင့် သတ္တဝါတို့၏ ကောင်းကျိုးကို မဆောင်ရွက်ကြ ပါသနည်း။အနည်းဆုံး သစ်ကိုင်းခြောက်လေးလောက်တော့ အသုံးဝင်ဖို့ ကောင်းပါတယ်"။ဘဝနီတိ ဆုံးမစာက
ထိုကဲ့သို့ ဆိုပါတယ်။ထို အကြောင်းကို ပြန်လည် သတိရလျက် တွေးနေမိသည်။
ကံကော်ပင် တစ်ပင်ဟာ ဘယ်အချိန်မှာ လှပ တင့်တယ်
ပါ သလဲ?"ခင်ဗျားတို့ ကတော့ "ကံကော်ပင် တစ်ပင်ဟာ
အားရ ပါးရ ပွင့်နေတဲ့ အချိန် ပျားပိတုန်းလေးတွေ ဝဲနေတဲ့
အချိန် "လို့ အဖြေ ပေးကြမယ် ထင်ပါတယ်။
ဘဝမှာ သစ်စိမ်းချိုး ချိုးတာကို ခံခဲ့ရဖူးသော ကျွန်တော်ကတော့ ထိုအဖြေကို လုံးဝ မနှစ်မြို့ပါဘူး။ထို့ကြောင့်
"ကံကော်ပင် တစ်ပင်၏ လှပတင့်တယ်တဲ့ အချိန်ဟာ
အခုလို မပွင့်သေးဘဲနဲ့ ပွင့်ဖို့ တာစူ နေတဲ့ အဖူးတွေနှင့်
တစ်ပင်လုံး အဖြူရောင် ဖြစ်နေတဲ့ အချိန်ပဲ ဖြစ်တယ်" လို့ ကျွန်တော် ဖြေပါမယ်။
မကြာခင် ကံ့ကော်ပန်းတွေ ပွင့်ပါတော့မယ်။
ထိုအခါ ဝတ်ရည်လိုသော ပျားပိတုန်းတွေလည်း
ရောက်လာပါမည်။ပန်းမြင်ရင် ဘုရား လှူလိုသော စေတနာသဒ္ဓါရှိသော အမျိုးကောင်း သမီးတွေကပဲ ဖြစ်ဖြစ်၊
ကံ့ကော်ပန်း ပန်လိုသော သူကပဲ ဖြစ်ဖြစ်၊နှစ်မျိုးသော ရည်ရွယ်ချက် ရှိသူတွေကပဲ ဖြစ်ဖြစ် ထိုထို ထိုထိုသူများ၏ သစ် အစိမ်းချိုး ချိုးခြင်းကိုလည်း ထို
ကံ့ကော်ပင်ခဗျာ ခံရပါဦးမည်။ဒါသည်ပင် အမှတ်မရှိ နောင်နှစ် ပွင့် ချိန်တန်လျှင် ကံ့ကော်ပွင့်တွေ ပွင့်ပေးပါဦးမည်။
ကျွန်တော်ဘဝမှာလည်း ကိုယ့်ကို သစ်စိမ်းချိုး
ချိုးသွားသူကို တိုက်ဆိုင်မှု ရှိတိုင်း အမှတ် မရှိ
သတိရနေ တတ်သလိုမျိုးပါပဲ။ကံ့ကော် ပွင့်တွေလို
ကိုယ်က မေတ္တာပန်းတွေ ဝေဝေဆာဆာ ပွင့်ပြ ပေးခဲ့
ပေမယ့် သစ်စိမ်းချိုး ချိုးသွားသူ တစ်ယောက်ကတော့
ကျွန်တော့်လိုမျိုး ရှိခဲ့ဖူး ကြုံခဲ့ဖူးကြ မှာပါပဲ။
ထိုကြောင့် "ကံကော်ပင် တစ်ပင်ရဲ့ လှပ တင့်တယ်တဲ့
အချိန်ဟာ ကံ့ကော် ဖူးတွေနဲ့ အဖြူရောင် သန်းနေတဲ့
အချိန်" လို့ ဖြေပါရစေ။အကယ်၍ ပွင့်တဲ့အချိန် ရောက်လျှင် သစ်စိမ်းချိုး ချိုးသူတွေကို မြင်ရပါဦးမည်။
ထိုအခါ ကျွန်တော့် ဘဝထဲက သစ်စိမ်းချိုး ချိုးသူကို
ပြန်လည် သတိရမိပါမည်။ထိုအခါ ကျွန်တော်စိတ်သည်
တစ်စုံတစ်ယောက်ကို နာကျည်း မိပါမည်။ထိုအခါ
ကျွန်တော်သည် မုန်းမိပါဦးမည်။
ဟုတ်ပါတယ်။
ကျွန်တော့် ဘဝရဲ့....
သစ်စိမ်းချိုး ချိုးသွားသူကို သတိရမိ နေတဲ့ အဖြစ်ကိုကျွန်တော် အလွန် မုန်းပါသည်။
၂၊၃၊၂၀၂၃