ကျွန်တော်မုန်းသောအရာများ အပိုင်း-9


"ဦးဇင်းက ဘယ်လိုကြီးမှန်း မသိဘူး။
တခါတစ်လေကျရင်လည်း ကြောင်တယ်"တဲ့ ..။😁

ကိုယ့်ကို ကြောင်တယ် ပြောရဲတဲ့သူက များများ စားစား
မရှိဘူးရယ်။အဲဒီ အထဲမှာ ဒီကလေး ပါတယ်။
ပြောတဲ့ကလေးက မရွယ်နဲ့ မလိုက်အောင် စာတော်တယ်
ပြောရမယ်။ဥာဏ် Bright ဖြစ်တယ်။အတန်းက ၁ တန်း။
ဒီကလေးက ပြောတာ ခံရတာ။ကြီးတဲ့သူ အပေါ် မြင်တဲ့ သူ့ သဘောထားကို ပွင့်ပွင့် လင်းလင်း ပြောရဲတယ်။

ကိုယ့်ရဲ့ မကောင်းတဲ့ အကျင့်စရိုက်တွေကို
မိတ်ဆွေစစ် မိတ်ဆွေမှန်တွေ ဆီမှ သိနိုင် သလို
ကလေးတွေ ဆီမှလည်း သိနိုင်ပါတယ်။
ကလေးတွေက သူတို့မြင်တဲ့ အတိုင်း သိတဲ့အတိုင်း
ပြောတာကိုက ချစ် စရာ။မာယာ သာဌေယျ မရှိဘူး။

သူပြောမှ ကိုယ့်ကိုကိုယ် သတိထားကြည့်တယ်။
သူပြောသလို သဘော သက်ရောက်သည့် ဖြစ်ရပ်
မျိုးတွေ ခဏ ခဏ ဖြစ်ဖူးတယ်။

ကလေးမို့ "ကြောင်"တယ် ပြောရုံပဲ ပြောတာ
လူကြီးတွေဆို မပေါင်းပဲ ခွာသွားကြတာတွေထိ 
ရှိပါတယ်။

ဖြစ်ပုံက ဒီလိုပါ။

သူရေးပြီးသား စာကို လာပြတယ်။
ကိုယ့်က ကိုယ်အတွေးနဲ့ကို တွေးနေတယ်။
မျက်နှာက ကျတော့ သူ့ကို ကြည့်နေတယ်။စိတ် အတွေးက အခြားမှာ။
အမှန်ဆိုရင် လုပ်နေကျ အတိုင်း အမှန်ခြစ်
ခြစ်ပေး ပြီးရင် ဘေးက "တော်" ဆိုတဲ့ စာ ဆိုင်းလေး ထိုး
ပေးရမှာပါ ။
ဘာမှ မတုန့်ပြန်ဘဲ သူ့ကို ကြောင်တောင် တောင် ကြည့်နေတယ်။အဲဒါကြောင့် သူက ကြောင်တယ် ပြောတာပါ။
သူပြောလိုက်မှ သတိရပြီး ကိုယ့်ကိုကိုယ်
မသိမသာလေး ပြုံးမိတယ်..။

အထက် အညာ ဇာတိမြို့လေးမှာ နေတုန်းက 
မနက်ခင်း လက်ဘက်ရည်ဆိုင် ထိုင်ရင်း လူတစ်ယောက်နဲ့စကား လက်ဆုံ ကျပြီး အတော်ရင်းနှီးသည့် မိတ်ဆွေတစ်ယောက်လို ခင်မင် သွားတယ်။
နောက်၃ရက်လောက်ကျ 
တော့ အဲဒီလူကို လမ်းမှာ တွေ့လို့ သူ့ကို နှုတ်ဆက်တာ
ပြန်မပြောဘဲ မျက်နှာ လှည့်သွားတယ်။
ဘယ်လိုဖြစ်တာပါလိမ့် သိချင်လို့ သူနဲ့ ခင်တဲ့ ကိုယ့်မိတ်ဆွေကို စုံစမ်းခိုင်းတယ်။

လက်ဘက်ရည်ဆိုင် ထိုင်ပြီး ပြန်သွားတဲ့ နောက်တစ်
မနက်မှာ သူ့နဲ့ ကိုယ်နဲ့ လမ်းမှာ တွေ့ပါ သတဲ့။
သူက နှုတ်ဆက် တာကို ကိုယ်က ကြောင်တောင်တောင်နဲ့ ကြည့်ပြီး မသိသလိုကြီးနဲ့ ဘာမှ ပြန်မပြောဘဲ ရှောင်သွား ပါ သတဲ့..။
အစက သူ လူ မှားတာ နေမှာပါ လို့ ထင်မိတယ်။
အသေအချာ တွေးကြည့်ကာမှ ကိုယ့်ပုံစံနဲ့ ဘယ်သူနဲ့မှ မှားစရာ မရှိဘူး ဆိုတာ သိရတယ်။
စုံစမ်းခိုင်း ခံရသည့် မိတ်ဆွေ ကိုယ်တိုင် နှစ်ခါ သုံးခါလောက် ကိုယ်က အဲဒီလို
ပြုမူ ဆက်ဆံဖူးပါ သတဲ့ ..။

ရန်ကုန်မှာ နေတုန်းကလည်း ဒီလိုမျိုး တူညီတဲ့ ဖြစ်စဥ်
ကြောင့် မြတ်နိုးရသော လူတစ်ယောက် ဆုံးရှုံး ဖူးတယ်။

ပတ်ဝန်းကျင်က လှပါတယ် လို့ သတ်မှတ်ထားသော
ကောင်မလေး တစ်ယောက်ကို ကြောင် တောင်တောင်
ကြည့်မိလို့ ပတ်ဝန်းကျင်ရဲ့ အထင်မှား ကဲ့ရဲ့မှုကိုလည်း
ခံခဲ့ရ ဖူးသည်။

မနေ့က တင်တဲ့ "ပိုစ့်" မှာလည်းဆိုတဲ့ "သပ်သပ်"စာလုံးပေါင်းကို  "သက်သက်"ဆိုပြီး ပေါင်းရေမိပြီး စာလုံးကို ကြည့်၍ စိတ်ထဲမှာ တခုခု မှားနေသလိုတော့ ခံစားရတယ်။
ဘာမှားမှန်း စဥ်းစား မရဘူး။ အဲဒီ "သက်သက်"ဆိုတဲ့ စားလုံးပေါင်း အမှားကို ကြောင်ပြီး ကြည့်နေတာပဲ ရှိတယ်။စိတ်ထဲမှာလည်း အလိုမကျဘူး။မှားတယ် မှန်တယ်
ဆုံးဖြတ်နိုင်သော ဥာဏ်လည်း ပေါ်မလာဘူး။
နောက် ၃ရက်နေ့ တင်သော "ပိုစ့်" ရေးနေရင်မှ အဲဒီ "သက်သက်" စာလုံးက သတ်ပုံ မှားနေတယ် ဆိုတာ ပေါ်လာတယ်။
ရေးနေဆဲ "ပို့စ်" ကို ခဏ ဆေ့ဗ် ပြီး အဲဒီ မှားနေတဲ့ "သက်သက်" ပိုစ့်ကို ချက်ချင်း Edit လိုက် လုပ်ရတယ်။

ဒီ အကျင့်ကြီးဟာ မကောင်းတဲ့ အကျင့်ကြီး ဖြစ်ပါတယ်။
တစ်ဘက်သားကို အလွန် ဂရုမစိုက်ရာလည်း ကျပါတယ်။
အလွန် ရိုင်းစိုင်သော စရိုက်ကြီးလည်း ဖြစ်ပါတယ်။အဲဒါကို လည်း ကောင်းကောင်း သိပါတယ်။
သတိထားပြီး ပြင်ကြည့်ပါသေးတယ်။ဒါပေမဲ့ မရဘူး ။
ကလေး ပြောသလို တစ်ခါ တလေ ကြောင်တောင်တောင်
ဖြစ်နေတုန်းပဲ။

ထိုမကောင်းတဲ့ အကျင့်ကြီးကြောင့် အချို့သော
မိတ်ဆွေတွေရဲ့ စွန့်ပယ် ခြင်းကို ခံခဲ့ရ ဖူးတယ်။
ထိုမကောင်းတဲ့ အကျင့်ကြီးကြောင့်ပဲ ကိုယ် မြတ်နိုးသောသူတွေကို ဆုံးရှုံးရဖူးသည်။

ထို့ကြောင့် အဲဒီ "ကြောင်တောင်တောင် အကျင့်စရိုက် 
ဆိုးကြီးကို" အလွန် မုန်းမိလေသည်။

                                   ၃၊၃၊၂၀၂၃