ကျွန်တော်မုန်းသောအရာများ အပိုင်း10


လရောင် ခံလျက် စကား မပြောဖြစ်သည်မှာ ကြာပါပြီ။
တစ်ခါတရံ လ သာ မှန်းပင် သတိမထား မိတော့ပါ။
လ သည် ပြည့်ပြီးလျှင် လ ဆုတ် သွားသလို ဘဝရဲ့ နေထိုင် ရှင်သန်ရမည့် 
နေရက်များသည်လည်း တဖြေးဖြေးနှင့် ကုန်ဆုံးခြင်းဖြင့် ဆုတ်၍ ဆုတ်၍ သွားလေသည်။
လူ့ဘဝတွင် တွေးစရာ အကြောင်းအရာတွေ များပြားလာသည့်နှင့်အမျှ ကလေးဘဝကလိုမျိုး
လ သာတာကို ပျော်ပျော်ကြီး အားရပါးရ ထိုင်၍ စကားပြောရတဲ့ အခွင့်အရေး တွေ မရှိတော့ပါ။
ကိုယ်တစ်ယောက်တည်း ထိုင်ပြီး
တွေးချင်ရာ တွေး၊ငေးချင်ရာ ငေး  တစ်ကိုယ်တည်းသာ
စကားပြောချင်ရင် ပြောရုံပေါ့လေ ။
ဒါကို ကြည့်ခြင်းအားဖြင့် လူကြီး တစ်ယောက် ဖြစ်လာသည်ကို လက်မခံချင်ပေမယ့်လည်း လက်ခံရပါတော့မည်။

ကလေးဘဝတုန်းက လူရာဝင်ချင်လို့ လူကြီးတစ်ယောက် ဖြစ်ချင်ခဲ့ပါတယ်။အခု လူကြီးတစ်ယောက် ဖြစ်လာသောအခါ ကလေးတစ်ယောက် ပြန်၍ ဖြစ်လို မိတယ်။
အကယ်၍များ တကယ် ကလေးတစ်ယောက် ပြန်ဖြစ်သွားလျှင်လည်း လူကြီးတစ်ယောက် ပြန်၍ ဖြစ်ချင်နေဦးမယ် ထင်တယ်။
'စိတ်'ဆိုတာမျိုးက ပြောရ အလွန် ခက်ပါတယ်။
'ရ'တာ မလို၊'လို'တာမရ မဟုတ်ပါလား?

ဘဝကို "တစ်" ကနေ ပြန်'စ'ခွင့် ရခဲ့ဆိုပါလျှင်
နောက်ထပ် "တစ်"ကနေပြန် 'စ' ခွင့် မတောင်းရအောင် 
မဆိုးတော့ပါဘူး လို့ ထင်မိပါတယ်။ 
ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ပါလေ။၁၉၉၉ ကာလ တွေမှာ လရောင်အောက် ပျော်ပျော် ပါးပါးကြီး ကစားကြတာရယ်၊
ကစားလို့ ဝသော အခါ လရောင် ခံလျက် ကိုယ်လက်လှမ်းမိသော အတွေးဖြင့်
အနာဂတ် လူကြီးဘဝတွေ အကြောင်း ပြောကြတာရယ်။
ဒါတွေအားလုံးကိုတော့ အတူ သယ်ယူ ခဲ့ချင်ပါတယ်။
အထူးသဖြင့် နွေဦးညတွေကိုပေါ့။

လွမ်းငွေ့တွေ ဝေသော တချိန်တုန်းက နွေဦးညတွေကို
သတိရမိပါသည်။ကစားဖော် ကစားဘက်၊စကားပြောဖော်စကားပြောဘက်တွေ ဖြစ်ကြတဲ့ ကျော်သူ,အေးမာ,ဘိုမင်းလေး တို့ကို သတိရမိသည်။
လရောင် အောက်မှာ စည်းဝိုင်းတူတူ ပုန်းတမ်း ကစားကြသည်။
ကစားလို့ မောသည့်အချိန်တွေမှာ စကားတွေ ပြောကြသည်။အဲဒီအချိန်က ပြောတဲ့ စကားတွေက အနာဂတ် အကြောင်းတွေပါပဲ။
အနာဂတ်မှာ
ကိုယ့်ရဲ့ ကဗျာဆရာ ဖြစ်ရေး၊စာရေးဆရာ ဖြစ်ရေးတွေလည်း သေချာပေါက် ပြောဖြစ်တာပေါ့။

တစ်ခါတရံ စကားပြောလို့ ကောင်းတဲ့ ညတွေမှာဆို ကျွန်တော်တို့ အပေါ် သြဇာညောင်းတဲ့သူ၊ကျွန်တော်တို့ အလွန်ကြောက်ခဲ့ရတဲ့သူ
 မောင်မောင်ကြီး ဆိုတဲ့ အဖေဘက်က ဝမ်းကွဲ အစ်ကိုကြီးတစ်ယောက် ရွာထဲမှ ပြန်လာလို
 ကျွန်တော်တို့ စကားဝိုင်းလေးကို တိတ်တိတ်ပုန်း ဖျက်သိမ်း ပေးခဲ့ရသော ညတွေကိုလည်း သတိရမိသည်။ 
ဝမ်းကွဲ အစ်ကိုကြီး မောင်မောင်ကြီး 'ငေါက်'မှာကို မိဘတွေ ငေါက် တာထက် ကြောက်ခဲ့ရပါတယ် ။
ကျွန်တော် နာမည်ကိုတောင် မိဘတွေ ပေးထားတာ မဟုတ်ပါဘူး တဲ့။
ကျွန်တော့် အစ်မ အရင်း မဒေါင်းမြနှင့် ဝမ်းကွဲအစ်ကိုကြီး
မောင်မောင်ကြီးတို့ နှစ်ယောက်က အဲဒီခေတ် အဲဒီအခါတုန်းက သူတို့ဖတ်တဲ့ ဝတ္ထု စာအုပ်ထဲက မင်းသားရဲ့ 
နာမည်ကို မှည့်ပေး ထားတာပါတဲ့ လေ။
ကျွန်တော့နည်း
တူ ကျွန်တော်နဲ့ ရွယ်တူ ဝမ်းကွဲ ညီကို မောင်နှမတွေရဲ့ နာမည်ကို လည်း မောင်မောင်ကြီး မှည့်ပေးတယ် လို့ ဆိုပါတယ်။
အဲလောက်ထိ ကျွန်တော်အပေါ် သြဇာ ညောင်းသူ တစ်ယောက်ပါ။
အနုပညာ နဲ့ကျွန်တော့်ကို ရေစက် သွယ်ပေး ကြသူတွေပေါ့။

ကျွန်တော်ကတော့ အနုပညာနဲ့ ကိုယ်နဲ့ ဘာမှ 
မသက်ဆိုင်ဘူး'လို့ ခံစားရမိတိုင်း ကောင်းကင်က ကြယ်တွေကို စိတ်တိုင်းကျ နေရာရွေ့တိုင်းကစားနည်းကို 
တစ်ယောက်တည်း စိတ်ရှည် လက်ရှည် ကစားလေ့ရှိပါတယ်။

ကျွန်တော်တို့သည်
ကစားလို့ မောသည့်အခါ၊စကားတွေ ပြောကြ။တနေ့စာ
အတွက် ပြောစရာ အတွေးတွေ ကုန်သည့်အခါ ကြယ်တွေကိုကြည့်ကြသည်။ကြယ်တွေကို ရေတွက်ကြသည်။ကိုယ်ချစ်တဲ့ ကြယ်ကို ကောင်းကင်ရဲ့ ကိုယ်ကြိုက်တဲ့ နေရာမှာ
ထားတမ်း ကစားကြပြန်သည်။

ကောင်းကင်မှာ ကိုယ်ကြိုက်တဲ့ ကြယ်ကို ကိုယ်ကြိုက်တဲ့
နေရာမှာ ထားတမ်း ကစားခြင်းမှာ ကျွန်တော်ဟာ အမြဲတမ်း အရှုံးသမား ဖြစ်ခဲ့ပါတယ်။အမြဲတမ်း ကံမကောင်းတဲ့ သူလို့ ဆိုချင်ရင်လည်း ဆိုနိုင်ပါတယ်။

ကျွန်တော် စိတ်ကူးနဲ့ ကျွန်တော်ကြိုက်တဲ့ ကြယ်တွေကို ကျွန်တော်ကြိုက်တဲ့ ကောင်းကင်မှာ နေရာရွေ့လို့ ပြီးပြီ
ဆိုလျှင် အဲဒီကြယ်လေး ကြွေတာနဲ့ ခဏ ခဏ တိုက်ဆိုင်
ပါလေရော။အဲဒီကစားနည်းမှာ ကျွန်တော် အမြဲတမ်း ရှုံးပါတယ်။

ထို့ကြောင့် ထင်ပါသည်။

နွေဦး ညတွေမှာ ကြယ်ကြွေတာကို မြင်ရတာရယ်၊
ကြယ် ကြွေသွားတဲ့ အကြောင်း တစ်စုံတစ်ယောက်က
ပြောတာရယ်၊ကြယ်ကြွေတဲ့ သတင်းတွေကို ဖတ်လိုက်
မိတာရယ် တွေကို ကျွန်တော် အလွန် မုန်းပါသည်။

                                   ၂၉၊၃၊၂၀၂၃