ကျွန်တော်မုန်းသေးအရာများ အပိုင်း-11
■ဘဝတွင် အသက်တရာ မနေရနိုင်ပေမယ့် အမှုတရာကိုတော့ တွေ့ရတတ်သည် ဟူ၍ အဆိုရှိသည်။
ကျွန်တော်တို့၏ ဘဝတွေသည် အရေးကိစ္စပေါင်း များစွာနှင့် ဆက်ဆံလျက် ရှိနေပါသည်။
ကောင်းသော အရေးကိစ္စ၊
မကောင်းသော အရေးကိစ္စ အားဖြင့် နှစ်မျိုး နှစ်စား ခွဲခြား၍ သိနိုင်သည်။
ကုသိုလ်ပွားသည့် ကိစ္စ၊အကုသိုလ်များသည့် ကိစ္စ ဟူ၍လည်း ခွဲခြား၍ ဆိုနိုင်သည်။
ထို များပြားလှသည့် အရေးကိစ္စတွေကို ကျော်ဖြတ်ရာတွင်
အဓိက အလိုအပ်ဆုံး အရာသည် ဘာဖြစ်ပါသနည်း?ဟု
ဆိုခဲ့သော် 'ဥာဏ်ပညာ' ဟူ၍ ကျွန်တော် ဖြေလိုပါသည်။
'ဥာဏ်ပညာ'ချည်းပဲလား ဆိုတော့လည်း မဟုတ်ပါဘူး။
သတိ အထွဋ်တပ်ထားသော 'ဥာဏ်ပညာ' ကိုသာ ယူရပါမည်။ 'ဥာဏ်ပညာ' ဘယ်လောက် ရှိရှိ 'သတိ'မပါခဲ့သော်
သတိမမူ ဂူမမြင် ဖြစ်ရာ၏။သတိတော့ ရှိနေသည်၊ 'ဥာဏ်ပညာ' မပါခဲ့သော် မှန်ကန်သော နှလုံးသွင်းမှု မဖြစ်နိုင်ပါ။
■ကောင်းဆိုး နှစ်တန် များစွာသော ထိုအရေးကိစ္စများတွင်
မိမိနှင့် ထိပ်တိုက် တိုးလာသည့် အရေးကိစ္စတွေ ရှိသလို
ဘဝရဲ့ ခံယူချက်၊ နားလည်မှု၊ လက်ခံထားမှုနှင့် ပက်သက်
ဆက်စပ်လာသည့် အရေးကိစ္စများလည်း ရှိသည်။
ထိုအရေးကိစ္စများကိုတော့ တစ်ယောက်တည်း စဥ်းစား
တွေးတော နေခြင်းထက် သဘောတူရာ မိတ်ဆွေများနှင့်
သဘောထား ဖလှယ်ကြရင်း သူ့အမြင် ကိုယ့်အတွေး
ပြောကြ ဆိုကြလျှင် ပို၍ အရသာ ရှိမည် ဟု ထင်မိသည်။
■ဤကဲ့သို့သော အတွေးကို အခြေခံလျက် ဒီနေ့ ဓမ္မ
သာကစ္ဆာ စကားဝိုင်းလေး ဖြစ်အောင် ကိုင်းကြီးရွာမှ
ကိုဌေးနှင့် ဦးအေးကိုတို့ နှစ်ယောက်ကို ဖုန်းဖြင့် လှမ်းခေါ်လိုက်သည်။မနက် (၁၀)ထိုးခါနီးတော့ ဆိုင်ကယ်လေးဖြင့်
ရောက်လာကြ၏။ခဏနားပြီးတော့ ကျွန်တော်က
ဗွီဒီယိုဖိုင်လေးကို ဖွင့်ပြလျက် ပြီးမှ စကားပြောကြရအောင် ဆိုကာ အရင်ဆုံး နားထောင် စေသည်။
(၁၁) နာရီ ကျော်ကျော်လောက်ကျတော့ ဗွီဒီယိုဖိုင်ကို
နားထောင်၍ ပြီးသည်။ထိုအခါကျမှ ကျွန်တော်က
■"ဘယ်လို သဘောရလဲ ကိုအေးကို ခင်ဗျားအမြင်ကို
ဆိုစမ်းပါဦးဗျာ" ဟု စကား စ လိုက်တော့...
■"ဒီစက်ဝိုင်းက သံသရာ လည်တာကို ပြတာ ဖြစ်လို့
သံသရာမှ ထွက်မြောက်တဲ့ သစ္စာကို အထူး
ထည့်၍ မဆိုဘူး လို့ သိထားတယ် "
■"ခင်ဗျားပြောတာက ဟုတ်တယ်၊သူကကျတော့ (ဖိုင်ကိုဆိုလို)ဆရာတော်ကြီးက လောကီသစ္စာနဲ့ လောကုတ္တရာသစ္စာ ကို ရောထွေး နေတာလို့ ဆိုချင်တာ ဗျ"
ဦးအေးကိုစကား မဆုံးသေးခင် ကိုဌေးက ဝင်ထောက်သည်
■"အေးဗျာ မှားတာတွေ မှန်တာတွေ ခဏထားပြီး၊
အမှား အမှန် ဆုံးဖြစ်တဲ့ လေသံမပါဘဲ ကြားဖူး သိဖူး
ဗဟုသုတ တစ်ခုအနေနဲ့ ပြောကြတာပေါ့"
■ဒီစကားကို ကျွန်တော် ပြောလိုက်ရခြင်းမှာ ဖိုင်ထဲမှ
အကြောင်းအရာတွေသည် သာမန်အားဖြင့် ပြောဖို့ ခက်တဲ့
အကြောင်း အရာတွေ ဖြစ်နေတာရယ်၊
ပြောတဲ့ စကားထဲမှာ အမှား မပါစေလိုတာရယ်
အမှား အမှန်၊အဆိုး အကောင်းကို ပြောတာမဟုတ်ဘဲ
အတွေး အမြင်ကိုသာ ပြောဆို ဆွေးနွေးစေလို၍ ဖြစ်ပါသည်။
"ဒီဗွီဒီယိုဖိုင်ကို နားထောင်ခြင်း အားဖြင့်
ကျုပ်တို့ဟာ ပုထုဇဥ်တွေ စစ်စစ် ဖြစ်ကြောင်း
ပို၍ ပေါ်လွင်စေတယ် လို့ တွေးမိတယ်ဗျာ"
■သူတို့ နှစ်ယောက် စလုံးသည် ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း
ဒေသနာတော်ကို အတော်အတန် တီးမိ ခေါက်မိသည်
အထိ နားထား လေ့လာ ထားသူများ ဖြစ်ကြသည်။
အခြားသော သုတ္တံ ပိဋကတ် ဒေသနာများကို
အတော်အတန် နာကြားဖူးကြသူများလည်း ဖြစ်ကြသည်။
ထိုကြောင့်လည်း ဒီလိုစကားမျိုးတွေကို သူတို့နှင့် ပြောဆို
ဆွေးနွေးလို့ ရနေခြင်း ဖြစ်သည်။
ဗွီဒီယိုဖိုင်နှင့် ပက်သက် ဆက်စပ်၍ ဘယ်ဟာ မှားသည် ဘယ်ဟာ မှန်သည် သဘောမျိုး မဟုတ်ပဲ တရားစကား
တွေ များစွာ ပြောဖြစ်ကြသည်။
■"နောက်ဆုံး ချုုံ့ပြီး ပြောရမယ် ဆိုလျှင်၊
ဒီဗွီဒီယိုဖိုင်ကို နားထောင်ခြင်း အားဖြင့် ကျွန်တော်တို့ဟာ
ဘာသာရေး အသိဉာဏ်အားဖြင့် သာမန် ပုထုဇဥ် အဆင့်ပဲ
ရှိပါသေးတယ် ဆိုတာ ပေါ်လွင်စေပါတယ်" လို့
ပြောပြီးသား စကားကိုပဲ ကျွန်တော်က ထပ်၍ ဆိုသောအခါ ငြင်းချက်ထုတ်သူ မရှိ သဘောတူကြလေသည်။
နေက အရမ်းပူလာသည် ဖြစ်၍ "နေပူနေလိမ့်မယ်
ပြန်ကြရအောင်" ဟု ကိုအေးကိုက ပြောသည်။
ပြန်ရင်းနဲ့ သူတို့ ဘာတွေ ဆက်တွေးကြ၊ဆက်ပြောသွားကြမည် မသိရပေမယ့်
ကျွန်တော်ကတော့ "ပုထုဇဥ်" ဆိုတဲ့ စကားလုံလေးရဲ့ အဓိပ္ပါယ် အကြောင်းကို တစ်ယောက်တည်း ဆက်၍ စဥ်းစားရင်း
ကျန်ခဲ့လေသည်။
■"ပုထုဇဥ်"
ပါဠိ လိုတော့ ပုထုပုဒ်နှင့် ဇနပုဒ် နှစ်ပုဒ်တွဲထားသည့်
ပုထုဇန ပုဒ်ကို "ပုထုဇဥ်" ဟု ပြန်ဆိုထားကြသည်။
ပုထု =က များပြား တာ။ဇန=က လူ။
များပြားတဲ့ လူ။အဓိပ္ပါယ် ပြည့်စုံအောင် ပြောတော့
မျက်နှာများတဲ့သူ ။
"မျက်နှာများတဲ့သူ" ဆိုတာကလည်း သာမန် မျက်နှာများတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။
■အယူအဆ အားဖြင့် ဟိုလူက ပြောတာ ဟုတ်နိုးနိုး၊
မှန်နိုးနိုး၊ဒီလူက ပြောတာ ဟုတ်နိုးနိုး၊မှန်နိုးနိုးနဲ့
တိကျ သေချာ စွဲမြဲတဲ့ ကိုယ်ပိုင် အယူအဆ မရှိသေးဘဲ
အယူအဆ မတည်ငြိမ်တာ ကိုပြောတာ။အယူ အဆပြောင်းလဲသွား တတ်တာကို ပြောတာပါ။
အယူအဆ အားဖြင့် ဟိုလူ့မျက်နှာ မော်ကြည့်ရ၊ဒီလူ့မျက်နှာ မော်ကြည့်ရ ဘဝ ကို မျက်နှာများတဲ့သူ" ဘဝ
("ပုထုဇဥ်")လို့ ဆိုတာ ဖြစ်ပါတယ်။
■ပုထုဇဥ်နယ်ကို ကျော်လွန်၍ အရိယာနယ်သို့ ရောက်အောင် မကျင့်ကြံနိုင်သေးသော်လည်း
အယူအဆ အားဖြင့် ဟိုလူ့မျက်နှာ မော်ကြည့်ရ၊ဒီလူ့မျက်နှာ မော်ကြည့်ရ ဘဝကို တော့ ကျွန်တော်
မနှစ်မြို့ပါဘူး။
အဲဒီလိုမျိုး အယူအဆ မတည်ငြိမ်တဲ့ အဖြစ်၊
အယူ အဆ ပြောင်းလဲ သွားတတ်တဲ့ အဖြစ်၊
အယူအဆ အားဖြင့် ဟိုလူ့မျက်နှာ မော်ကြည့်ရ၊
ဒီလူ့မျက်နှာ မော်ကြည့်ရ တဲ့ အဖြစ်တွေကိုတော့
ကျွန်တော် အလွန် မုန်းမိပါသည်။
၄၊၄၊၂၀၂၃